ငါးပိ၊ ငါးခြောက်အစားများက လေဖြတ်နိုင်သလား

ငါးပိ၊ ငါးခြောက်နှင့် လေဖြတ်ခြင်း

(အကြောင်းတိုက်ဆိုင်သဖြင့် လွန်ခဲ့သော ၁၀နှစ်က ရေးဘူးသောဆောင်းပါးကိုပြန်လည်ရှာဖွေတင်ပြခြင်းဖြစ်ပါသည်။)

ငါးပိ ကြိုက်သူများဖက်မှ ရှေ့နေလိုက်ပါရစေ။ မြန်မာလူမျိုးမှန်လျှင် ငါးပိနှင့်မကင်းကြပါ။ အထူးသဖြင့် အောက်မြန်မာပြည်တွင် နေထိုင်သူများက အထက်မြန်မာပြည်တွင် နေထိုင်ကြသူများထက် ပိုပြီး ငါးပိ၊ ငါးခြောက်ကြိုက်ကြသည်။ အထက်မြန်မာပြည်သားများက ပုစွန်ခြောက်ကိုတော့ မက်မောစွာ သုံးစွဲကြပါသည်။ လက်ဖက်ပွဲတိုင်းတွင် ရွှေရောင်ပေါက်နေသော လှပသည့် ပုစွန်ခြောက် တစ်ကန့် အမြဲပုံထားလေ့ရှိသည်။

အောက်မြန်မာပြည်တွင် ဗမာများသာမက ကရင်၊ မွန်၊ ရခိုင် လူမျိုးများအားလုံး ငါးပိ၊ ငါးခြောက်ကို ကြိုက်ရုံသာမက ထမင်းပွဲတွင် အဓိကဟင်းလျာ မပါလျှင် နေပါစေ၊ ငါးပိ တို့စရာတော့ ပါမြဲဖြစ်သည်။ ဤဓလေ့မှာ အောက်ပိုင်း ရေး၊ ဘိတ်၊ ထားဝယ်မှ မလေးအထိ ရခိုင်ပြည်နယ်တွင် သံတွဲ၊ စစ်တွေမှသည် စစ်တကောင်းအထိရှိသည်။

အောက်မြန်မာပြည်တွင် အသီးအနှံဈေးကြီးသည်။ အထူးသဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သော ရွာများတွင် ငါးပိ၊ ငါးခြောက်မှာ ပေါလွန်း၍ သောင်ပြင်တွင်နေလှန်းထားရာ ခွေးပင်မစားပါ။ ကန်စွန်းရွက်၊ ဘူးညွှန့်၊ ဘူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးတို့မှာ ဈေးကြီးပေးဝယ်မှ စားရသည်။ ပင်လယ်သူဌေးစာဖြစ်နေသည်။ စာရေးသူတို့ရောက်ဖူးသည့် ဖျာပုံမှတဆင့်သွားရသည့် ပင်လယ်ဝ၊ ကပြတ်(ခါးပြတ်)ရွာတွင် ရန်ကုန်မှ လှေဖြင့်လာရောင်းသည့် ဟင်းရွက်လှေမှ ဘူးညွှန့် တစ်ညွှန့်ကို တစ်ရာကျပ်ပေးရသည်။ ဘူးညွှန့်ဆယ်ညွှန့်ဝယ်လျှင် ပင်လယ်တွင် ငါးခြောက် တစ်ပိသာ ရနိုင်သည်။

တစ်ခါကမန္တလေးမြို့မှ အထူးကုဆရာဝန်ကြီးတစ်ဦးအိမ်သို့ သွားလည်ရာ ငါးပိရည် တို့စရာအစုံတစ်ပုံကြီးဖြင့် မြိုင်လှသောထမင်းဝိုင်းကို တွေ့ရသဖြင့် ]ဆရာကြီး ငါးပိရည်က အငန်ဓာတ် မလွန်ကဲဘူးလား} ဟုမေးမိရာ ]ကျုပ်တို့က အောက်သားဗျ. . . ငါးပိရည် တို့စရာမပါရင် ထမင်းမမြိန်ဘူး။ ကိုယ်စားနေကြဆိုတော့ အကောင်းဘက်ကပဲ မြင်ရမှာပေါ့ ဗျာ . . . ငါးပိရည်မှာ ဗီတာမင်အေကနေဇက်အထိ ပါတယ်ဗျ} ဟုနောက်ပြောက်ပြီး ပြောဘူးပါသည်။

လူဆိုတာ လျှာအရသာကိုစွဲမိလျှင် စွန့်နိုင်ခဲသည်။ လတ်လတ်ဆတ်ဆတ်စားရလျင် အရသာရှိလှသော ငါးကို အပုပ်ခံထားပြီးမှ စားရသောဓလေ့မှာ မည်သို့စတင်ပေါ်ထွန်းလာခဲ့သည်ကို သမိုင်းပညာရှင်များပင် သုတေသနပြုသင့်သည်။ စာရေးသူတို့ ရန်ကုန်ရောက်သည့်အခါတိုင်း မက်မက်မောမော သွားစားလေ့ရှိသည့် ထမင်းဆိုင်များမှာ မြေနီကုန်းအနီးမှ ] ရွှေဘ} ထမင်းဆိုင်နှင့် မြို့ထဲမှ ]ဓနုဖြူ ဒေါ်စောရီ} ထမင်းဆိုင်တို့ဖြစ်သည်။ ထိုဆိုင်များတွင် အဓိကကောင်းသည်မှာ ငါးပိရည် တို့စရာပင်ဖြစ်သည်။ စိမ်းဖန့်ပြီး ဆီဝေ့နေသည့် ငါးပိရည်ချိုကို ပန်းကန်လုံးကြီးတွင်ထည့်ပြီး ဇွန်းတပ်ပေးထားသည်။

တို့စရာမှာ အားရှိပါးရှိ အစည်းလိုက်၊ လင်ပန်းငယ်တစ်ခုစာ ထည့်ပေးထားသည်။ ရှောက်ရွက် အစည်းလိုက်၊ မြင်းခွာရွက်အစည်းလိုက်၊ လယ်ပတူရွက်၊ ငရံ့ပလူရွက်၊ အဝေရာရွက်၊ မြူရွက်ပြုတ်၊ တမာရွက်ချဉ်၊ ခံတက်ချဉ်များမှာလည်း ကြိုက်သလောက်တို့ အစည်းလိုက်။ ဘူးသီးသေးသေးပြုတ် ကလေးများ၊ ခရမ်းကစော့သီးများ၊ ခရမ်းသီးပြုတ် အနေတော်ကလေးများအပြင် ဆီးဖြူသီး၊ တညင်းသီးပြုတ်များပါမကျန် ရာသီအလိုက်ပေါ်သော အသီးအနှံစုံအောင်ပါသည်။

တစ်ခါက ခါးခါးအရသာရှိသော အရွက်လိပ်ကလေးများတို့ကောင်းလှသဖြင့် မေးကြည့်ရာ ရဲယိုရွက်ကို ပြုတ်ပြီးအနေတော် လိပ်ကာ ကပ်ကြေးနှင့်ညှပ်ထားပေးထားခြင်းဖြစ်ကြောင်း သိရသည်။ တို့စရာနှင့်ပင် ဗိုက်က ၀လောက်သည်။ မှာထားကြသော မြစ်ပုစွန်ထုပ်ကြီး၊ ငါးရံ့အူ၊ ငါးမွှေကြော်၊ ငါးခူကြော်ချက်၊ ငါးသလောက်ပေါင်း၊ ပင်လယ်ငါးပုဏ္ဏားဟင်းတို့မှာ မစားရသေး။

အထက်မြန်မာပြည်တွင် ဆရာဝန်တော်တော်များများက သူတို့လူနာကို ငါးပိရည်ကို တားမြစ်ကြသည်။ သွေးတိုးရှိလျှင် ၊ ကျောက်ကပ်ရောဂါရှိလျှင်၊ အဖောအရောင်ရောဂါရှိလျှင် ငါးပိ၊ ငါးခြောက် ပုတ်ငန်သောအရသာများကို သာမက ပုစွန်ခြောက်ကိုပင် မစားရန်တားမြစ် ကြတော့သည်။

ရန်ကုန်နှင့် အောက်မြန်မာပြည်မှာတော့ ဆရာဝန်များမှာ ငါးပိ၊ ငါးခြောက်ကိုတားမြစ်လျှင် သူတို့လူနာတွေ ဘာသွားစားမည်နည်း။ တားမြစ်ပိတ်ပင်၍ မရနိုင်ပါ။ သူတို့ကိုယ်တိုင်လည်း ငါးပိရည်နှင့်မကင်းကြမဟုတ်ပါလား။ ရှမ်းပြည်ရောက် ဧည့်သည်ရုပ်ရှင်ဇာတ်ကားကို ငယ်စဉ်ကကြိုက်၍ နှစ်ခါသုံးခါ ပြန်ကြည့်ရသည်။

ထိုကားတွင် ရှမ်းမလေးအဖြစ် သရုပ်ဆောင်သော (ဒေါ်)စံရှားတင်က ] ခမ်းကိုချစ်ရင် ပဲပုပ်ကိုလည်း ချစ်ရမယ်နော့် } ဟူသောစကားမှာ နိုင်ငံကျော် ခဲ့သည်။ ပဲပုပ်မှာလည်း ငါးပိကဲ့သို့ပင် ပဲကို အပုပ်ခံပြီးလုပ်ယူသော အစာဖြစ်သည်။ သို့သော် ပဲပုပ်စေ့မှာ နှလုံးရောဂါကို ကာကွယ်သည်။ ကောင်းသောကိုလက်စတီရော များသည်။ အင်တီအောက်ဆီဒင့်ဖြစ်သည် စသောဂုဏ်ပုဒ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။

အနောက်တိုင်းလေ့လာတွေ့ရှိချက်တို့တွင် ငါးသည်လည်း ကင်ဆာကိုကာကွယ်သည့် ကောင်းသော ( HDL ) ကိုလက်စတီရော၊ အိုမီဂါသရီး၊ ဗီတာမင်အီး၊ မပြည့်ဝသော ဖက်တီးအက်ဆစ်အပြင် အရိုးပါစားလျင် ကယ်လစီယံဓါတ် ကြွယ်ဝစေသောအစာ ဖြစ်သည်။ တူနာငါးမှရသော ငါးကြီးဆီသည်လည်း ကမ္ဘာကျော်ဖြစ်သည်။ ၎င်းကိုစားခြင်းဖြင့် အသက်ရှည်သည်၊ ရုပ်ရည်အိုမင်းခြင်းကို ကာကွယ်သည်၊

သွေးကြောများ၊ နှလုံးသွေးကြောများကျဉ်းခြင်း၊ မာဆတ်ခြင်းကိုလည်း ကာကွယ်နိုင်သည်။ ရှားရှားပါးပါး လူ့တစ်သက်တာတွင်မှ လက်သည်းခွံခန့်သာ လိုအပ်သော ကြေးနီဓာတ်သည်ပင် ငါးတွင် ပါသည်ဟု သိပ္ပံပညာရှင်များက တွေ့ရှိထားသည်ဖြစ်ရာ ငါး၏ဗီတာမင်နှင့် သတ္တုဓါတ်ကြွယ်ဝပုံမှာ ပြော၍မကုန် ဖြစ်လေသည်။ ကိုရီးယားနိုင်ငံတွင် အသက်တစ်ရာကျော်သည့် ဘွားသက်ရှည်တစ်ဦးမှာ ငါးကွန်းရှပ် ဆားနယ်ကို အိမ်တွင်ကိုယ်တိုင်ပြုလုပ်သည်။

ငါးကွန်းရှပ်ကို ရင်ခွဲ၊ အူအသဲထုတ်ပြီး စဉ့်အိုးငယ် အတွင်းတွင် ဆားတစ်ထပ်၊ ငါးတစ်ထပ် ထပ်ပြီး အိုးသိပ်ထားသည်။ (ထိုသို့ပြုလုပ်ပုံမှာ မြန်မာများငါးပိအိုးသိပ်ပုံနှင့် အလွန်တူသည်။) ၎င်းငါးကို ရေစင်စင်ဆေးပြီး မီးကင်စားသည်။ နေ့စဉ်စားခဲ့သည်။ ဆေးရုံတွင် ၎င်းအဘွားကို သွေးပေါင်ချိန်သောအခါ အပေါ် ၁၁၀ နှင့် အောက်သွေး ၇၀ မီလီမီတာ ပြဒါးပုံမှန်ရှိပြီး သွေးကြောဓာတ်မှန်များ စစ်ဆေးသောအခါတွင်လည်း အံ့ဩစရာ ကောင်းလောက်အောင် အဆီဓါတ်နည်းသော သွေးကြောများဖြစ်ကြောင်းတွေ့ကြရလေသည်။ဤအချက်များကို သိပ္ပံပညာရှင်များနှင့် ညှိနိုင်းတင်ပြနိုင်လျင် ငါးပိသည်လည်း ဆရာဝန်ကြီးများ တားမြစ်ချက်မှ လွတ်ကောင်းလွတ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

ကိုရီးယားအဟာရသုတေသီများသည် ငါးကွန်းရှပ်နှင့် အခြားကျောရိုးစိမ်းငါးမျိုးများကို လေ့လာကြည့်ရာ ၎င်းငါးတွင် နှလုံးနှင့်သွေးကြောကျဉ်းရောဂါကို ကောင်းစွာကာကွယ်နိုင်သည့် အဆီ အိုမီဂါသရီး၊ မပြည့်ဝသော ဖက်တီးအက်ဆစ်၊ အဆီဓါတ်များစွာ ကြွယ်ဝသည်ကို တွေ့ရသည်။ ကြက်၊ ဝက်၊ အမဲသားများစား၍ သွေးကြောများအတွင်းထူပြီး တင်ကျန်ရစ်နေသော လူကို ဒုက္ခပေးမည့် ပြည့်ဝအဆီများကို ငါးကွန်းရှပ်နှင့် တူနာငါးစားပြီး ရရှိသည့် မပြည့်ဝအဆီ မော်လီကျူးများက စုပ်ယူပြီးဖယ်ရှားသွားကြောင်း တင်ပြထားသည်။

ကျောရိုးအစိမ်းရောင်ရှိသည့် တူနာငါးနှင့် ငါးကွန်းရှပ်ကို ယှဉ်ပြီးလေ့လာကြည့်ရာ ကမ္ဘာကျော်တူနာငါးအဆီ( ငါးကြီးဆီ )ထက် ငါးကွန်းရှပ်အဆီက ပို၍ အိုမီဂါသရီးများကြောင်း ပို၍အကျိုးပြုကြောင်း တွေ့ရသည်ဟု ဆိုသည်။ အထူးသဖြင့် ငါး၏မျက်စေ့နောက် ဂုတ်ပိုးမှ အသားတွင် ပို၍များစွာပါဝင်ကြောင်း တွေ့ရသည်ဟု ဆိုသည်။

ထိုသို့တွေ့ရှိပြီးနောက် ကိုရီးယားတွင် ငါးကွန်းရှပ်ဆားနယ်ကို ပို၍စားသုံးလာကြသည်ဟု ဆိုသည်။ ငါးစား၍ သွေးယား(အလားဂျစ်) ဖြစ်တတ်သူများမှာ တူနာငါးဆားစိမ်ကို ရေဆေးမည့်အစား နွားနို့နှင့် ဆေးပြီးကြော်စားလျှင် ပို၍အရသာရှိပြီး သွေးယားခြင်း မဖြစ်တော့ကြောင်း သုတေသီများမှ ညွှန်ကြားထားသည်။

မြန်မာများလည်း ငါးပိကောင်စား၍ သွေးယားတတ်သူများရှိလျင် ငါးခူငါးပိကောင်၊ ငါးဖယ်အောင်းငါးပိကောင်များကို နွားနို့နှင့်ဆေးပြီးမှ ကင်စား ကျော်စားလျှင်သင့်တော်မည် ထင်သည်။ စမ်းကြည့်သင့်ပါသည်။

ငါးပိဖက်မှ ရှေ့နေလိုက်ခြင်းတော့ မဟုတ်ပါ။ ငါးပိနှင့် မကင်းနိုင်သူ၊ ကြိုက်နှစ်သက်သူများ အတွက် ကောင်းကွက်များ မလွဲမသွေရှိနေကြောင်း စူးစမ်းခြင်းမျှသာဖြစ်ပါသည်။ သို့သော် အပြစ်တင်ခံရခြင်းကတော့ မကင်းသေးပါ။

၂၀၁၀ခုနှစ် ဩဂုတ်လ ဒုတိယပါတ်ထုတ် မြန်မာတိုင်းမ် သတင်းဂျာနယ်ကြီးတွင် အောက်ပါအတိုင်း သတင်းတစ်ပုဒ်ပါလာပါသည်။ဧရာဝတီတိုင်း၌ လေဖြတ်မှုကြောင့် မသန်စွမ်းဦးရေမြင့်မား

(သတင်းရေးသူ ခင်မြတ်) ဧရာဝတီတိုင်းတွင် လေဖြတ်ခြင်းကြောင့်ဖြစ်သည့် မသန်စွမ်းသူဦးရေသည် တစ်ခြားသောတိုင်းနှင့် ပြည်နယ်များထက် များပြားနေကြောင်း မသန်စွမ်းသူများအရေး လုပ်ဆောင်နေသော နိုင်ငံတကာအင်န်ဂျီအိုတစ်ခုဖြစ်သည့် TLMI မှ ဒေါက်တာမိုက်ခ် ဂရပ်ဖစ်က မြန်မာတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းမှာ လေဖြတ်လို့ မသန်စွမ်းဖြစ်တဲ့သူဦးရေ အရမ်းမြင့်မားပါတယ်။ မသန်စွမ်း ၁၀၀ မှာ ၄၇ ဒသမ ၄ရာခိုင်နှုန်းဟာ ရောဂါကြောင့် ဖြစ်ပြီး အဓိကအကြောင်းအရင်းက လေဖြတ်ခြင်းပါပဲ ၎င်းကပြောသည်။

ဖြစ်နိုင်ချေရှိသော အဓိကအကြောင်းအရင်းမှာ အစားအသောက်ကြောင့် ဖြစ်နိုင်သော်လည်း သုတေသနပြုလုပ်ရန် ပိုမိုလိုအပ်သေးကြောင်း ဒေါက်တာမိုက်ခ် ကပြောသည်။

တိုင်းငှက်ဖျားဆရာဝန်ကြီး ဒေါက်တာခင်နန်းလုံက အစားအသောက်သည် ဧရာဝတီတိုင်းတွင် လေဖြတ်မှုနှုန်းကို ဖြစ်ပေါ်စေသည့် အဓိကအကြာင်းအရင်းဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

{{ဒီကလူတွေက ငါးပိ၊ ငါးခြောက်စားကြတာများတယ်။ ပြီးတော့ ဟင်းချိုမှုန့် အသုံးများလွန်းတယ်။ ပညာပေးမှုတွေ လုပ်ဆောင်ဖို့လည်း လိုအပ်တယ်}} ဟု ၎င်းကပြောသည်။

အထက်ပါသတင်းကို ဖတ်လိုက်ရသောအခါ စာရေးသူ၏ဘကြီး (အမေ၏ အစ်မကြီး၏ ခင်ပွန်း) တော်သူတစ်ဦး လေဖြတ်ပြီး အသက်ဆုံးသွားရခြင်းကို သတိရမိသည်။ သူ၏အကြောင်းကို ပြောရလျင် . . . ဘကြီး၏အမည်မှာ ဦးထွန်းမောင်ဟုခေါ်သည်။ ဖျာပုံမှတဆင့် ပင်လယ်ဝသို့ ထွက်ရာလမ်းရှိ ] ချောင်းဝ } ရွာတွင်နေပြီး ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူဖြစ်သည်။ ]ကျား}ခေါ် ငါးဖမ်းပိုက်ကို အသုံးပြု၍ ငါးဖမ်းသော လုပ်ငန်းအပြင် ]စန္နား}ခေါ်ပင်လယ်အတွင်ပိုင်းတွင် ပိုက်ကြီးများချပြီး ခြောက်တိုင်များသုံး၍ ငါးဖမ်းသော လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်သည်။ သူသည် ရန်ကုန်တွင်နေစဉ်က မကြီးပွား၊ ပင်လယ်ပြင်ရောက်ပြီးမှ ငါးဖမ်းလုပ်ငန်းနှင့် အကျိုးပေး ကြီးပွားလာသူဖြစ်သည်။ အကုသိုလ်နှင့် အကျိုးပေးသူဖြစ်သည်။

သူသည် ခန္ဓာကိုယ်က အလွန်တုပ်ခိုင်ပြီး တောင့်တင်းကျန်းမာသူဖြစ်သည်။ အရက်မသောက်၊ ကွမ်းတော့စားသည်။ ကျန်းမာရေးမလိုက်စားသော်လည်း ကျန်းမာရေးကိုတော့ ဂရုစိုက်သည်။ ရန်ကုန်ရောက်တိုင်း ကုန်ဖိုးငွေလာရှင်းသည့်အခါတိုင်း ကျန်းမာရေးစစ်ဆေးသည်။ ပင်လယ် ရောက်ပြီး ၁၀နှစ်ကျော်သည်အထိ ပို၍ပင်ကျန်းမာလာသည်။ ပင်လယ်လေကြောင့် ကျန်းမာနေသည် ဟု သူကပြောလေ့ရှိသည်။

ပင်လယ်စာဖြစ်သည့် ငါးခြောက်၊ ငါးပိများအစားများလာသည့်အခါတွင်တော့ သူ့တွင် သွေးတိုးရောဂါက စလာသည်။ ထို့နောက် ခြေ၊ လက်များ ထုံကျဉ်သည့် ရောဂါဝင်လာပြီး ပစ္စည်း များကိုင်လျင် မကြာခဏလွတ်ကျလာသည်။

“လေငန်းအစ ထုံကျဉ်က “ဟူသောစကားမှန်သည်။ ရန်ကုန်လာတိုင်း ဆရာဝန်ကြီးများနှင့် စစ်ဆေးကုသမှုများ အဆက်မပြတ်လုပ်နေရင်ကပင် သူ့မှာ လေဖြတ်ရောဂါ ရတော့သည်။ ထူမှ ထရ၊ ပွေ့ချီမှ အခင်းကြီး အခင်းလေးသွားရသည့်ဘ၀နှင့် (၂)နှစ်ကျော် ခံစားရပြီးမှ အသက်ဆုံးပါး သွားရလေသည်။

တကယ်တန်းဆန်းစစ်ကြည့်လျှင် သူရန်ကုန်တွင်နေစဉ်က အစားအသောက်နှင့် ပင်လယ်ပြင် တံငါရွာတွင် နေထိုင်စားသောက်ရသော အစာများမှာ မတူညီပေ။ ရန်ကုန်တွင် ဟင်းသီးဟင်းရွက် ပေါသည်။ ပေါသဖြင့် နေ့စဉ်စားဖြစ်သည်။ ပင်လယ်တွင်လေကောင်းလေသန့် ရသည်မှာ မှန်သော်လည်း အသီးအရွက်ရှားသည်။ တစ်ခါတစ်ရံ မြို့မှ ဟင်းသီးဟင်းရွက်လှေလာမှ စားရသည်။

မြို့မှာနေစဉ်က သူကြိုက်သည့် ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်း ၊ ဘူးသီးဟင်းချို၊ ဂေါ်ရခါးညွှန့်၊ ဂေါ်ရခါးသီးကြော်ချက်၊ မုံလာထုပ်၊ မုံလာဥချဉ်ရည်ဟင်း တို့ကို သူမစားရ။ သူစားနေသည်မှာ နေ့စဉ် ပင်လယ်ငါးပုဏ္ဏား၊ ငါးပူတင်းဟင်း။ ရွာတွင် တစ်ခါတစ်ရံပေါ်သည့် ဝက်သား၊ ကြက်သားဟင်းတို့ကို သာ စားနေရသည်။ ပင်လယ်တွင်ငါးပိရည် ရှိသော်လည်း တို့စရာမရှိသဖြင့် လိုက်ဖက်မညီသဖြင့် မစားကြ။ ငါးဟင်းနှင့် ငါးခြောက်တို့မှာသာ တရစ်ဝဲဝဲ၊ ထပ်သည်းတလဲလဲ။

မြို့တွင် ငါးပိရည်စားသည်ဆိုသော်လည်း အသီးအရွက်တို့စရာ (အတို့အမြုပ်) များများ စားသဖြင့် လူငါးယောက် ခြောက်ယောက်စား တစ်ဝိုင်းမှ ငါးပိရည်မှာအကြမ်းပန်ကန် တစ်လုံးမျှ မကုန်၊ တို့စရာသာကုန်သည်။

အချို့အသီးအရွက်များမှာ ငါးပိ၏ အငန်ဓါတ်ကို ချေဖျက်နိုင်သည်။ ဥပမာ ဂေါ်ဖီရွက်၊ ဥသျှစ်ရွက်၊ ရှောက်ရွက်၊ ခရမ်းသီး၊ ခရမ်းကစော့သီး၊ သင်္ဘောရွက်၊ ဂေါ်ရခါးညွှန့်၊ ဆီးဖြူသီး၊ ဖန်ခါးသီး၊ သရက်ကင်း၊ သံပုရာသီး၊ ဘောစကိုင်းရွက်၊ မယ်ဇလီရွက်၊ မယ်ဇလီဖူး၊ တမာချဉ်၊ ဟင်းဂလာချဉ်၊ ပေါက်ပန်းဖြူရွက်၊ ပြည်ပန်းညိုရွက် စသည်တို့မှာ အပုတ်အငန်ကို ချေဖျက်နိုင်သော အစာများဖြစ်သည်။ တော်ရုံ အငန်ဓါတ်ကို ချေဖျက်ပေးနိုင်သော တို့စရာများက လူကို ဥပါဒ်ပေးမည့် သွေးတိုးမည့် အငန်ဓါတ်ကို ရောစားချိန်တွင် ဓါတ်ပြယ်စေပြီး ချေဖျက်ပေးလိုက်သည်။

မြန်မာ့ရိုးရာအစာတော်တော်များများမှာ အစပ် အဟပ် ၊ ဓါတ်သဘောပြောရလျင် အဖွင့် အပိတ်၊ အတက်နှင့် အကျ တွဲထားစမြဲဖြစ်သည်။ ကွမ်းတစ်ရာနှင့် လက်ဖက်တစ်ပွဲကို ကြည့်လျင် သိနိုင်ပါသည်။

ကွမ်းတစ်ယာလျင် ကွမ်းရွက်နှင့် ထုံးမှာ အစပ်ဓါတ်ဖြစ်ပြီး (အပွင့်) ကွမ်းသီးမှာအဖန်၊ အချုပ် (အပိတ်) ဖြစ်သည်။ စမုံစပါး၊ နွယ်ချို၊ ဂုံခါးတို့မှာ အစာအိမ်ကို ကောင်းစေသည်။ အစာအိမ်ကို လောင်ကျွမ်းမည့်ဘေးမှ ဖြေဆေးများဖြစ်သည်။

မြန်မာဧည့်ခံ လက်ဖက်ပွဲများတွင်လည်း ထို့အတူပင်ဖြစ်သည်။ လက်ဖက်သည် အေး၊ ဖန်၊ ချုပ် (လေချုပ်စာ)ဖြစ်သည်။ ထိုလက်ဖက်အစ်တွင်ပါဝင်သော ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်တို့သည် (လေသက်စာ) ဖြစ်သည်။

မြန်မာ့ရိုးရာအစာ ငါးပိကိုစားသောအခါ တို့စရာ (အသီးအရွက်စုံ) နှင့်တွဲစားလျင် အချေဓါတ်၊ အဖြေဓါတ်များ ပါပြီးဖြစ်၍ ဘေးဒုက္ခ၊ ဝေဒနာ ကပ်ရောက်စရာမရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ငါးပိရည်ကြို စားသူများ၊ ငါးပိရည် ကြိုသည့်အခါ အနံ့ကလေးရလျှင်ပင် ထမင်းစားချင်စိတ် ပေါ်လာတတ်သည်။ ငါးပိရည်ကြိုတွင် အနောက်တိုင်းမှ ပြောသကဲ့သို့ လိုင်စင်းဓါတ်များစွာပါသည် ထင်သည်။ တို့စရာတစ်မျိုးဖြစ်သည့် ရဲယိုရွက်၊ ရဲယိုသီးတို့တွင်တော့ ]လိုင်စင်းဓါတ်} များစွာပါဝင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိထားပြီးဖြစ်လေသည်။

ကျွန်တော်တို့ငယ်စဉ်က တောအလှူ ရှင်ပြုများတွင် ထမင်းရုံထိုးပြီး ထမင်းအဝကျွေးလေ့ ရှိသည်။ ထိုသို့ကျွေးရာတွင် မပါမဖြစ်သော အစာမှာ ]ငါးခြောက်ထောင်း} ဖြစ်လေသည်။ တစ်ချို့အလှူတွင် ငါးခြောက်ထောင်း၊ ဆီးဖြူသီးပြုတ်နှင့် သရက်ချဉ်တို့ကို ထမင်းမပါ ကျွေးလေ့ရှိကြသည်။

ငါးခြောက်ထောင်းပြုလုပ်ရာတွင် ငါးရံ့ခြောက်ကို အသုံးများသော်လည်း ပင်လယ်မှလာသော ကက္ကူရံခြောက်၊ ငါးတံခွန်ခြောက် များသည် အကောင်းဆုံးဖြစ်ပြီး အသားလည်းပေါသည်။ အငန်ပေါ့ပြီး အချိုဓါတ်များသည်။ ငါးခြောက်ထောင်းပြုလုပ်ရာတွင် ကြက်သွန်နီကို ပေါပေါသုံးပြီး ပြုလုပ်မှ ချိုသည်။ ငါးခြောက်တစ်ပိသာလျှင် ကြက်သွန်နီလေးပိသာခန့် ထည့်ပေးရသည်။ ကြက်သွန်နီကို အကွင်းလိုက် ခပ်ထူထူလေးလှီးထားပြီး မိုးပြဲဒယ်ခေါ် ပက်လက် ဒယ်အိုးကြီးများတွင် ဆီများများ ထည့်ထားကာ ဆူသောအခါမှ ကြက်သွန်နီကိုထည့်ပေးရသည်။

ကြက်သွန်နီမှ ရေဓါတ်ထွက်သဖြင့် ဝေမကျအောင် ယောက်မရှည်ကြီးများဖြင့် မွှေပေးနေကြရသည်။ ဆီကုန်မများစေရန် ကြက်သွန်နီကို လှီးပြီးနောက် ဖန့်သွားအောင် နေ့တစ်ဝက်ခန့် နေလှန်းထားလျှင်လည်း ရသည်။ ကြော်သောအခါ ကြက်သွန်မကျွမ်းစေရ။ နွမ်းသည်နှင့် ငါးခြောက်ထည့်ပြီး ရောမွှေရသည်။ ငါးခြောက်များကို ညဦးကတည်းက ရေစိမ်ထားပြီး နံနက်လင်းလျှင် ရေမှဆယ်ပြီး မိုးပြဲဒယ်တွင် ရေနွေးဆူဆူဖြင့် ပြန်ပြုတ်ရသည်။ ရေခမ်းလုနီးပါးပြုတ်ပြီးသောအခါ ဆန်ခါများဖြင့်ဆယ်ထားပြီး အသားချည်းဖဲ့ထွင်ထုတ်ပြီး အရိုးမပါအောင် ပြုလုပ်ပြီးနောက် ဆုံဖြင့် ညက်အောင်ထောင်းရသည်။ ၎င်းပြုတ်ပြီးသား ငါးခြောက်တွင် ပင်လယ်ဆားငန်ရည်များ ကုန်သွားပြီဖြစ်လေသည်။

အလှူများတွင် ငါးခြောက်ထောင်းနှင့် မှိုခြောက်ပန်းခြောက်ပါသော ဆယ့်နှစ်မျိုးဟင်းချို ကျွေးသော ခေတ်မှာ ယခုအခါ ကုန်သွားပြီဟု ဆိုရပေမည်။ လွမ်းလောက်စရာ အလှူထမင်းပွဲများ၊ ရုံထိုးကျွေးလေ့ရှိသော ထမင်းရုံများမှာ ယနေ့မရှိတော့ပြီ။ ယခုအခါ ၎င်းအစားဝင်လာသော အိုက်စ်ခရင်၊ ဒန်ပေါက်၊ နတ်သုဒ္ဓါ စသည်များမှာ သွေးတိုး၊ ဆီးချိုတက်စေသော အစာများဖြစ်သည်။ ရှေးက ငါးခြောက်ထောင်း ထမင်းပွဲများကြောင့် ရှေးလူကြီးများ နေထိုင်မကောင်း မဖြစ်ခဲ့ကြပေ။ မြန်မာ့ရိုးရာ အစားအစာများမှာ အခါးနှင့် အငန်၊ အချိုနှင့် အစပ်၊ အချဉ်နှင့် အဖန် အဖြေစာများတွဲဖက်ထားလေ့ရှိသဖြင့် ဘေးဥပါဒ်ကင်း၊ အစာကြေ၊ အဟာရမျှတသော အစာများဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

ငါးပိ၊ ငါးခြောက်ကြိုက်သူများဘက်မှ ရှေ့နေလိုက်ပါရစေ။ ဆက်၍စားကြပါ။ သွေးတိုးကြောက်စရာမလိုပါ။ သို့သော် ငါးခြောက်စားလျှင် ရေစင်စင်ဆေးပါ။ ငါးခြောက်ထောင်း လုပ်စားပါ။ ကြက်သွန်နီများများနှင့်ရော စားပေးပါ။ အခြားရောဂါ များကိုပါ အကာအကွယ် ပေးပါသည်။

ကြည်လွင်မြင့်(မုဒြာ)