သာသနာပိုင်မြေကိစ္စနဲ့ပတ်သက်ပြီး ဆူပူအြုံကွအောင် သွေးထိုးလှုံ့ဆော်သည်ဟု စွပ်စွဲကာ ဂေါပကလူကြီးတစ်ဦး ဖမ်းဆီးခံရ

လက်ပံတန်းမြို့နယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ သာသနာပိုင်မြေကိစ္စနဲ့ပတ်သက်ပြီး ဆူပူအြုံကွအောင် သွေးထိုးလှုံ့ဆော်သည်ဟု စွပ်စွဲ၍ ဂေါပကလူကြီးတစ်ဦးကို မြို့နယ်ထွေအုပ်မှ ၅၀၅ (ခ) (ဂ)တွေ နဲ့ တရားစွဲ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ဗုဒ္ဓမြတ်စွယ်တော်ဘုရား မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) တွေနဲ့ ဇမ္ဗူထိန်လင်းဂေါပကအဖွဲ့က ဂေါပကတစ်ဦးကို တရားစွဲဆို ထားတယ်လို့ သိရပါတယ်။

မေလ ၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ လက်ပံတန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်းက တရားလိုလုပ်၍ တရားရုံးကို ဦးတိုက်လျှောက်ကာ ဇီးဖြူကုန်းကျေးရွာ ဇမ္ဗူထိန်လင်းဂေါပကအဖွဲ့က ဦးကျော်ကျော် (ခ) ဦးရှမ်းကျော် ကို ၅၀၅(ခ)(ဂ) တွေနဲ့ တရားစွဲဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

“ဇီးဖြူကုန်းစွယ်တော်ကိစ္စနဲ့ ပက်သက်လို့ ဦးကျော်ကျော်(ခ)ဦးရှမ်းကျော် က အစိုးရအဖွဲ့ကို အယုံအကြည်ကင်းမဲ့စေရန်ပြောဆိုတယ် သွေးထိုးလှုံ့ဆော်တယ်။ ဆူပူအုံကြွအောင်လုပ်တယ်။ ဒါတွေနဲ့ပက်သက်ပြီး တိုင်ကြားလာတာတွေရှိတာကြောင့် စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စုံခုံနဲ့စစ်ဆေးခဲ့ရာမှာ စစ်ဆေးမှုက ပေါ်ပေါက်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)တို့နဲ့ တရားစွဲဆိုရတာ ဖြစ်ပါတယ်။” လို့ လက်ပံတန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်ဇင်လင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ တရားစွဲခံရသူ ဦးကျော်ကျော်(ခ)ဦးရှမ်းကျော် က အခုလိုတရားစွဲဆိုဖမ်းဆီးခြင်းခံရတာဟာ ဇီးဖြူကုန်းကျေးရွာမှာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ သာသနာ့မြေကိစ္စကြောင့်ဖြစ်ပြီး ဇမ္ဗူထိန်လင်းဂေါပကအဖွဲ့ဝင်တစ်ဦးအနေနဲ့ ဒီမြေကို ပြန်လည်ရရှိအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။

“ဘာပုဒ်မမှန်းမသိဘဲခေါ်သွားလို့ အခုလိုလာရောက်မေးမြန်းရတာပါ။ အခုလိုတရားစွဲခံရတာကတော့ မတရားပါဘူး အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုကနေ နောက်က ဖိအားပေးနေတယ်လို့ ယူဆပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ မကျေနပ်ပါဘူး။” လို့ တရားစွဲခံရသူကို လာရောက်ဝန်းရံပေးတဲ့ ဦးစိုးမြင့်အောင် ပြောဆိုပါတယ်။

အမှုကို လက်ပံတန်းမြို့နယ် တရားရုံးမှာ အမှုအားစစ်ဆေးနေပြီး မေလ ၁၅ ရက် ပထမဆုံးရုံးချိန်းမှာ တရားစွဲခံရသူဘက်က အကျိုးတော်ဆောင်ရှေ့နေက ပါဝါတင်ခဲ့ပြီး ရုံးချိန်းကို လာမဲ့ မေလ (၁၇) ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း သိရပါတယ်။

သတင်းနှင့် ဓာတ်ပုံ – ဝဏ္ဏထွန်း

မြေလတ်အသံ – Myaelatt Athan

Be the first to comment

Leave a Reply

Your email address will not be published.


*